ကျောင်း


ကျောင်း

 ပြောရရင်… ကျနော်တို့က ဒီက ကလေးတွေ အကုန်လုံးကို သစ်ပင်လေးတွေ စိုက်ခိုင်းခဲ့ကြတာ။ သိတယ်မလား၊ သူတို့လေးတွေအတွက် တစ်ဘက်တစ်လမ်း ပညာပေးသဘောမျိုး ဖြစ်မယ် တွက်ပြီးတော့လေ။ အပင်လေးတွေ ဘယ်ပုံဘယ်နည်း အမြစ်ထိုးလဲ သူတို့ သိလာမယ်၊ ဟုတ်တယ်ဟုတ်၊ ပြီးရင် အပင်တွေကို ကိုယ်စီကိုယ်ငှ တာဝန်ယူ ဂရုစိုက်ကြရမှာဆိုတော့ သူတို့မှာ တာဝန်သိစိတ်လေးတွေလည်း တိုးလာမယ်ပေါ့။ ကျနော်ပြောတာ သဘောပေါက်တယ် ဟုတ်။ ဖြစ်ချင်တော့ သစ်ပင်လေးတွေ အကုန်လုံးက သေကုန်တယ်။ လိမ္မော်ပင်လေးတွေပဲ။ ဘာကြောင့် သေကုန်လဲတော့ ကျနော်လည်း မပြောတတ်ဘူး၊ သေတော့ သေကုန်တာပဲ။ မြေကြီးကပဲ တစ်ခုခု ဖြစ်တာလား၊ မဟုတ်လည်း ကလေးထိန်းကျောင်းကနေ ရလာတည်းက အပင်ပေါက်တွေကပဲ ကောင်းကောင်းကန်းကန်းတွေ မဟုတ်လို့လားပဲ။ ဒီကိစ္စ ကျနော်တို့ဘက်က တိုင်တော့ တိုင်ထားရဲ့။ ဆိုတော့... ဒီမှာရှိတဲ့ ကလေး အားလုံးပေါင်းက အယောက်သုံးဆယ်၊ တစ်ယောက်ကို ကိုယ်ပိုင်အပင်လေးတစ်ပင်စီ စိုက်ဖို့ လုပ်ရင်းက အပင်သေလေးတွေ သုံးဆယ် ရလာတာပဲ။ ကလေးတွေ အကုန် အဲဒီညိုတိုတို ရိုးတံလေးတွေဆီ ငေးနေပုံ ကြည့်ရတာ တကယ်ကို စိတ်မသက်သာချင်စရာ။ 
မဟုတ်ရင်တော့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက်ကြီး ဆိုးဆိုးရွားရွား ဖြစ်ချင်မှ ဖြစ်မှာပေါ့။ သစ်ပင်တွေကိစ္စ မတိုင်ခင် နှစ်ပတ်သုံးပတ်လောက်ကတင် မြွေလေးတွေ အကုန်လုံးလည်း သေထားပြန်တယ်။ ကျနော်ထင်တာတော့ မြွေလေးတွေ၊ အင်းလေ…၊ အဲဒီမြွေလေးတွေ ရှောသွားရတဲ့ အကြောင်းရင်းကတော့၊ ခင်ဗျားလည်း မှတ်မိမလားပဲ၊ ဆန္ဒပြပွဲတွေ ဖြစ်နေလို့မို့ လေးရက်လုံးလုံး အပူပေးရေနွေးငွေ့အိုးကြီး ပိတ်ထားခဲ့ရတာလေ။ ဆိုတော့ ဒီကိစ္စကတော့ ရှင်းလို့ပြုလို့ ရသေးသပေါ့။ ဆန္ဒပြပွဲကြောင့်ဘာကြောင့် ပြောပြီး ကလေးတွေကို တစ်နည်းနည်း ရှင်းပြလိုက်ရုံပဲလေ။ ကျနော် ဆိုလိုတာက အဲဒီကာလတုန်းက ဘယ်ကလေးမိဘကမှ သူတို့ကလေးတွေကို ဆန္ဒပြနေတဲ့ လူတန်းကြီး ကြားထဲ တိုးပြီး မသွားခိုင်းကြဘူး၊ ပြီးတော့ ကလေးတွေ ကိုယ်တိုင်လည်း ဆန္ဒပြပွဲ ရှိမှန်းရယ်၊ ဆန္ဒပြတာ ဘယ်လိုဘယ်ဝါ ဆိုတာရယ် သိကြတယ်လေ။ ဆိုတော့… အရာရာ ပုံမှန်ပြန်စလို့ ကျနော်တို့ မြွေလေးတွေ တွေ့ရတဲ့အချိန် သူတို့လည်း အထူးတလည် စိတ်ထိခိုက်တာမျိုး ဖြစ်မနေကြတော့ဘူး။
သီးစားပင်ပျိုးခင်းတွေကိစ္စကတော့ ရေလောင်း များသွားလို့ ဖြစ်ကုန်တာ ထင်ပါရဲ့။ အနည်းဆုံးတော့ ခု သူတို့တွေ ရေလောင်းရင် အရမ်းကာရော မလောင်းရဘူးမှန်း သိသွားကြပြီလေ။ ကလေးတွေကိုယ်နှိုက်က သီးစားပင်ပျိုးခင်းတွေအပေါ် မတရား ဂရုစိုက်လွန်းတာ ပါပါတယ်။ ခင်ဗျားလည်း သိတဲ့အတိုင်းပဲ၊ တချို့ကလေးတွေက ကျနော်တို့ ဂရုစိုက် ကြည့်မနေနိုင်တဲ့ အခါမျိုးဆို အပင်တွေပေါ် ရေကို ပိုပိုသာသာလေး လောင်းချင် လောင်းသွားတတ်ကြတာကလား။ ဒါမှ မဟုတ်လည်း ဖြစ်နိုင်တာတစ်ခု ပြောရရင်တော့…၊ ဘယ်လို ပြောရမတုံး…၊ ကျနော့်အနေနဲ့ အမှောင့်ပယောဂကိစ္စမျိုးတွေ ခေါင်းထဲတော့ မထည့်ချင်ပါဘူး။ ဒါပေမဲ့ ဒီကိစ္စတွေ ကျနော်တို့မှာ ဖြစ်တာတော့ ဖြစ်ခဲ့တယ် ပြောရမယ်။ ပြောရရင် အဲဒီကိစ္စတွေက ကျနော်တို့ခေါင်းထဲ ကန့်လန့်ဖြတ် ဝင်ဝင်လာနေတာပဲ။ ဘာကြောင့် ကျနော်တို့ ဒီလိုအတွေးမျိုးတွေ ဝင်ရသလဲဆို ဒီမတိုင်ခင်က ပွေးလေးတွေလည်း သေထားတယ်၊ ပြီးရင် ကြွက်ဖြူလေးတွေလည်း သေသေးတယ်။ ပြီးရင် ရေပုတ်သင်လေးရောပဲ။ အင်းလေ၊ ခုကတော့ ကလေးတွေလည်း ဒီအကောင်လေးတွေကို ပလစ်တစ်အိတ်တွေထဲ ထည့်မသယ်ရဘူးဆိုတာ သဘောပေါက်သွားကြပါပြီ။
အင်း၊ အပူပိုင်းငါးလေးတွေကတော့ သေကုန်မယ်ဆိုတာ ကျနော်တို့က ကျိန်းသေတွက်ထားပြီးသား။ ဘာမှ အံ့ဩမနေကြဘူး။ အဲဒီငါးအုပ်လေးတွေ ခင်ဗျား ကြည့်လိုက်၊ လိမ်တိန်ပိန်တိမ်လေးတွေနဲ့၊ မျက်နှာပြင်မှာ ပိုးလို့ပက်လက် လန်နေကြတာ။ ဒါပေမဲ့ သင်ခန်းစာ အစီအစဉ်အရ ဒီအပူပိုင်းငါးလေးတွေကို ထည့်ဖို့ကလည်း လိုအပ်ပြန်တယ်။ ကျနော်တို့အနေနဲ့ ဘာမှ မတတ်နိုင်ဘူး၊ ဒါက နှစ်တိုင်းပဲ ဖြစ်နေကျ။ မြန်မြန်ပြီးသွား ပြီးရော စောင့်ရုံပဲ ရှိတယ်။
ခွေးကလေးတုန်းကတော့ အစတည်းကိုက ကျနော်တို့ဆီ ရှိဖို့ မသင့်တာ။
ခွေးဆို တစ်ကောင်မှကို ရှိဖို့ မသင့်တာပဲ။ ခွေးက ခွေးပေါက်စကလေး။ တစ်နေ့ မားဒေါ့ခ်ျသမီး ကလေးမက ဂရစ်တီးဒ်ကုန်ကားအောက်မှာ ခွေးကို တွေ့တော့ ကားဆရာ ကုန်ချပြီးလို့ ပြန်ထွက်တဲ့အချိန် ဒီခွေးတော့ အကြိတ် ခံရတော့မှာပဲ တွေးပူပြီး သူ့ကျောပိုးအိတ်ထဲထည့်၊ ကျောင်း ယူလာသတဲ့။ ဒါနဲ့ပဲ ကျနော်တို့မှာ အဲဒီခွေးလေး ရလာတာပဲ။ ခွေး မြင်ကတည်းက ကျနော်တော့ တွေးလိုက်ပါတယ်၊ အမလေး… လေး… လေး၊ ဒီခွေးတော့... လောင်းရဲတယ်… နှစ်ပတ်လောက်ပဲ ခံမယ်လို့။ ပြီး တကယ် နှစ်ပတ်ပဲ ခံတာပဲ။ အမှန်မှာတော့ ခွေးက စာသင်ခန်းထဲမှာ လုံးလုံး ရှိရမှာ မဟုတ်ဘူး။ ခွေး သယ်မလာရ…ဘာညာ စည်းကမ်း ထုတ်ထားတာလည်း ရှိတယ်။ ဒါပေမဲ့ ခွေးတစ်ကောင်လုံးက ကလေးတွေရှေ့ ရောက်နေရုံမက ကြမ်းပြင်ပေါ် တတောက်တောက်ပြေး ဝူးဝူးဝုတ်ဝုတ် လုပ်နေမှတော့ ခွေးယူမလာရဘူး ပြောလို့ ဖြစ်တော့မလား။ ခွေးလေးကို သူတို့က အက်ဂါလို့တောင် နာမည်ပေးထားလိုက်သေး၊ ကျနော့်နာမည် ယူမှည့်ထားတာပေါ့။ ခွေးနောက်က လိုက်တဲ့ပြီး “အိုး အိုး… အက်ဂါ။ အက်ဂါလေးရေခေါ်ရင်း ဒင်းတို့က အပျော်ကြီး ပျော်နေကြတာ။ အဲလိုခေါ်ပြီးရင် သူတို့အကုန် သေအောင် ဝိုင်းရယ်ကြတော့တာပဲ။ သူတို့က သူ့ခေါ်သလို ငါ့ခေါ်သလိုလုပ် စနောက်ရတာကို သဘောကျ နေကြတာ။ ကျနော်ကိုယ်တိုင်လည်း သဘောတော့ ခပ်ကျကျပါပဲ။ စနောက် ခံရလို့ စိတ်မဆိုးမိဘူး။ သူတို့က ခွေးကလေးအတွက် ရိက္ခာထားတဲ့ ဘီဒိုနားမှာ အိမ်ကလေး ဆောက်ပေးထားတယ်။ ပြီးရင်တော့ ခုလို ဖြစ်သွားတာပဲ။ ခွေးကလေး ဘာကြောင့် သေရလဲတော့ ကျနော်မျိုးလည်း မပြောတတ်ဘူး။ ခွေးပန်းနာရောဂါ ရသွားတာ ထင်တာပဲ။ အပစ်အရိုက် ခံရတာမျိုး ဟုတ်ပုံမရဘူး။ ကျနော်လည်း ကလေးတွေ ကျောင်းရောက်မလာခင် ခွေးသေကို အပြင် ထုတ်လိုက်တယ်။ ခုလို ဖြစ်မယ်မှန်း ကြိုသိနေတာကြောင့် ကျနော်က မနက်တိုင်း ပုံမှန်လို ရိက္ခာဘီဒိုကို လာလာစစ်ဆေးနေကျ။ ခွေးသေကောင်ကို ကျနော် ကျောင်းဒလဝမ်ဆီ ပေးလိုက်တယ်။
အဲဒီနောက်မှာ ကလေးများကူညီရေး အစီအစဉ်ကတစ်ဆင့် အတန်းသားတွေ မွေးစားထားတဲ့ ကိုရီးယန်း ကလေးပေါက်စလေး ရှိသေးတယ်။ ကလေးအားလုံး လေးဖွဲ့ဖွဲ့၊ တစ်လတစ်ဖွဲ့ အလှည့်ကျ ခေါ်ထားကြမယ်... အစီအစဉ်နဲ့ပေါ့။ ဒါပေမဲ့ ဒီကလေးက ကံဆိုးမသားလေး။ နာမည်က ကင်မ်တဲ့၊ ကျနော်တို့ မွေးစားတာပဲ နောက်ကျလွန်းလို့လား… ဘာလား တစ်ခုခုပဲ။ ကျနော်တို့ဆီ ပို့လာတဲ့ စာထဲ ကလေးသေရတဲ့ အကြောင်းရင်းတော့ ဖော်ပြမထားဘူး။ အဲဒီအစား သူတို့က နောက်တစ်ယောက် မွေးစားဦးမလား၊ အကြံပေးရင်းက စိတ်ဝင်စားစရာ မွေးစားကိစ္စတွေအကြောင်း ပို့လာတယ်။ ကျနော်တို့လည်း အဲဂလောက်အထိတော့ အသည်းမမာနိုင်ကြတော့ဘူး။ ဒီကလေးကိစ္စနဲ့ ပတ်သက်ပြီး တစ်တန်းလုံး တော်တော်ပဲ ထိထိရှရှ ဖြစ်သွားကြတာလေ။ သူတို့စိတ်ထဲ (ကျနော့်ရှေ့တော့ ဘယ်သူမှ တိုက်ရိုက် လာမပြောဘူး) ကျောင်းမှာ အမှားအယွင်း တစ်ခုခုများ ဖြစ်နေပြီလားပါ တွေးလာကြတယ်။ ဒါပေမဲ့ ကျနော်ကတော့ ကျောင်းမှာ အထူးတလည် အမှားအယွင်း ဖြစ်နေတယ်ရယ် မထင်ပါဘူး။ ကောင်းလာတာတွေ တွေ့နေရသလို၊ ဆိုးလာတာတွေလည်း တွေ့နေရတာပဲ။ ကံဆိုးတဲ့အလှည့်လေး ကြုံနေတာသက်သက်ပဲ။ နမူနာအနေနဲ့ ပြောရရင်… ဒီဘက်နှစ်ပိုင်းအတွင်း မယုံချင်စရာ ကောင်းလောက်အောင် ကျောင်းသားမိဘ အတော်များများ ဆုံးပါးကုန်တယ်။ ကျနော် ထင်တာ၊ နှလုံးဖောက်တာက နှစ်ယောက်၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်တာက နှစ်ယောက်၊ တစ်ယောက်က ရေနစ်၊ လေးယောက်က ကားမတော်တဆဖြစ် ပြိုင်တူသေ။ တစ်ယောက်ကတော့ လေဖြတ်တာပဲ။ ပြီးရင် ကလေးတွေရဲ့ အဘိုးအဘွားတွေဆိုတာတော့ ထုံးစံအတိုင်း အသေအပျောက်နှုန်း ပိုများပြီပေါ့။ ပြောရရင် ဒီနှစ်ထဲ ပိုတောင် များသလိုပဲ၊ အဲဒီလို ထင်ရတာပဲလေ။ ပြီးတော့ နောက်ဆုံးအနေနဲ့ ကြမ္မာဆိုးတစ်ခုလည်း ကြုံလိုက်ရသေးတယ်။
မက်သယူးဝိန်းနဲ့ တိုနီမာရိုဂေါရိုတို့ နှစ်ကောင် ဖက်ဒရယ်ရုံး အဆောက်အဦးသစ် ဆောက်ဖို့ မြေတူးနေတဲ့ နေရာနား သွားဆော့ကြရင်း ကြမ္မာဆိုး ငင်သွားတာပေါ့။ အဲဒီနေရာမှာက ခင်ဗျားလည်း သိတဲ့အတိုင်း၊ သစ်သား ရက်မကြီးတွေကို တွင်းနှုတ်ခမ်းနားချ ဒီအတိုင်း ပုံထားတာ။ ဒီကိစ္စ ဖြစ်တာအပေါ် တရားတဘောင်တွေ ဖြစ်ကြတယ်။ ကလေးမိဘတွေကတော့ ရက်မတွေကို လျော့ရဲရဲ ပုံထားလို့ဆိုပြီး ငြင်းနေကြရဲ့။ ဘယ်ဟာ မှန်လို့ ဘယ်ဟာ မှားလဲ ကျနော်လည်း မပြောတတ်ဘူး။ တစ်နှစ်လုံး ထူးတော့ အတော် ထူးဆန်းတဲ့နှစ် ပြောရမှာ။
ဘီလီဘရန့်အဖေအကြောင်း ထည့်ပြောဖို့ မေ့တော့မလို့။ သူ့အိမ်ထဲ ဖောက်ဝင်လာတဲ့ မျက်နှာဖုံးစွပ်လူစိမ်းနဲ့ လုံးရင်းထွေးရင်းက ဓားချက်ထိပြီး ဆုံးသွားတာပေါ့။
တစ်နေ့တော့ ကျနော်တို့ အတန်းထဲမှာ ဆွေးကြနွေးကြတာတွေ လုပ်တယ်။ ကလေးတွေက ကျနော့်ကို မေးလာတယ်၊ သူတို့တွေ ဘယ်ရောက်ကုန်လဲ… တဲ့၊ သစ်ပင်လေးတွေ၊ ရေပုတ်သင်လေး၊ အပူပိုင်းငါးလေးတွေ၊ အက်ဂါ၊ ဖီဖီကြီးတွေ၊ မီမီကြီးတွေ၊ မက်သယူးနဲ့ တိုနီ… သူတို့တွေ ဘယ်ရောက်ကုန်လဲ…တဲ့။ ဆိုတော့… ဆရာလည်း မသိဘူး၊ ဆရာလည်း မသိဘူး…၊ ကျနော်လည်း ပြန်ပြောရတယ်။ ဒါဆို ဘယ်သူများ သိတဲ့သူ ရှိတုံး…တဲ့ သူတို့က ဆက်မေးတယ်။ ဘယ်သူမှ သိမှာ မဟုတ်ဘူး…၊ ကျနော်လည်း ပြောလိုက်တယ်။ သေခြင်းတရားဟာ ဘ၀ကို အဓိပ္ပာယ် ရှိအောင် လုပ်ပေးနေတဲ့ အရာများလား…? သူတို့က မေးပြန်တယ်။ ဒီတော့လည်း မဟုတ်ပါဘူး…ပေါ့၊ ဘ၀ကပဲ ဘ၀ကို အဓိပ္ပာယ် ဖော်ဆောင်ပေးတာပါ…၊ ကျနော် ပြန်ဖြေတယ်။ အဲဒီမှာတင် သူတို့က ထပ်မေးကြတယ်၊ သေခြင်းတရားကို အခြေခံ ပုံသေအရှိတရား တစ်ခုအဖြစ် သဘောထားမယ်ဆိုပါစို့၊ ဒါဆို အဲဒီသေခြင်းတရားဟာ နေ့တဓူ၀ ထုသားပေသားကျနေတဲ့ လောကီလူ့ဘ၀ကနေ လွန်မြောက်ပြီး တစ်နေရာရာဆီ ဦးတည်သွားစေမယ့် ထွက်ရပ်လမ်းတစ်ခု မဖြစ်နိုင်ဘူးလား…တဲ့။
အင်း၊ ဖြစ်နိုင်ပါတယ်…၊ ကျနော် ပြောလိုက်တယ်။
ကျနော်တို့တော့ အဲဒီသေတာကြီးကို သဘောမကျဘူး…တဲ့ သူတို့က။
သဘာ၀ကျပါတယ်ကွာ…၊ ကျနော် ပြန်ပြောလိုက်တယ်။
တကယ့်ကို မင်္ဂလာမရှိတဲ့ဟာကြီးပဲ…တဲ့ သူတို့က။
ဟုတ်မှာပါပဲ…၊ ကျနော် ပြန်ပြောလိုက်တယ်။
ဆရာ ခု ဟယ်လင် (ကျနော်တို့ရဲ့ လက်ထောက်ဆရာမလေး) နဲ့ ချစ်တင်းနှောပြပါလား၊ ဘယ်လို နေတုံး ကျနော်တို့ သိချင်လို့ပါ၊ ဆရာ ဟယ်လင်ကို ကြိုက်နေတာ ကျနော်တို့လည်း သိပါတယ်… တဲ့ သူတို့က။
ကျနော် ဟယ်လင်ကို ကြိုက်နေတာတော့ အမှန်ပါ၊ ဒါပေမဲ့ မလုပ်ပါရစေနဲ့ကွာ…၊ ကျနော် ပြောလိုက်တယ်။
ဒါမျိုးလုပ်တာ ကျနော်တို့ အကြိမ်ကြိမ် ကြားဖူးပြီး တစ်ခါမှ မမြင်ဖူးလို့ပါ ဆရာရယ်…. တဲ့ သူတို့က။
ဆရာ အလုပ်ဖြုတ်ခံထိမှာပေါ့၊ ပြီးတော့ ဒီလိုကိစ္စမျိုးက လုံးလုံး မဟုတ်ရင်တောင် လုံးလုံးနီးပါး သရုပ်ပြသလို လုပ်ရတဲ့ဟာမျိုး မဟုတ်ဘူး…၊ ကျနော် ပြောလိုက်တယ်။ ဟယ်လင်က ပြူတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်နေတယ်။
လုပ်ပါ ဆရာရယ်၊ တဆိတ်လောက်၊ ဟယ်လင်နဲ့ ချစ်တင်းနှောပြပါ၊ ကျနော်တို့မှာ တန်ဖိုးစံညွှန်းတွေရဲ့ ရေရာခိုင်မာမှုမျိုး တကယ့်ကို လိုအပ်နေကြလို့ပါ၊ ကျနော်တို့ အကြောက်ကြီး ကြောက်နေကြပြီ ဆရာ…၊ သူတို့က ပြောတယ်။
မကြောက်ကြပါနဲ့ကွာ…၊ ကျနော် ပြန်ပြောလိုက်တယ်။ (ကျနော်ကိုယ်တိုင်လည်း တစ်ချက်တစ်ချက် ကြောက်တော့ ခပ်ကြောက်ကြောက်။) နေရာတိုင်းမှာ တန်ဖိုးတွေ ရှိနေဆဲပါပဲ…လို့။ ဟယ်လင် အနားရောက်လာပြီး ကျနော့်ကို သိုင်းဖက်တယ်။ ကျနော်လည်း သူ့နဖူးလေးကို သုံးလေးခါ နမ်းပေးလိုက်တယ်။ ကျနော်တို့ နှစ်ယောက်သား အပြန်အလှန် ဖက်ထားနှင့်ကြပြီ။ ကလေးတွေလည်း စိတ်တက်တကြွပုံစံတွေနဲ့။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ပေါ်လာတယ်။ ကျနော် သွားဖွင့်တော့ နောက်ထပ် ပွေးအသစ်လေးတစ်ကောင် လှမ်းဝင်လာတယ်။ ကလေးတွေ အားပါးတရ ကြိုလိုက်ကြတာ ပွက်လောညံရော။
.............................
 အမေရိကန်စာရေးဆရာ Donald Barthelme ၏ School ကို ကျော်ဘသစ် ဘာသာပြန်သည်။

Comments

နောက်ထပ်ဖတ်လိုလျင်

အရီး

ရှီနာဂါဝါမျောက်တစ်ကောင်ရဲ့ ဖွင့်ဟဝန်ခံချက်များ

ဗုဒ္ဓဝါဒီ